နွေပူပူမှာ ဦးနှောက်ကျန်းမာစေဖို့ ဆောင်သင့် ရှောင်သင့်တာလေးများ
နွေပူနေချိန်မှာ ဦးနှောက်တွေ ပူထူပြီး ဦးနှောက်ထိခိုက်တာမျိုးတွေ မဖြစ်စေဖို့ ဂရုစိုက်ရမှာက ကိုယ်တိုင်မှာ တာဝန်ရှိပါတယ်။ နွေရာသီက ခြောက်ခြောက်သွေ့သွေ့ နေရတယ်ဆိုပေမယ့် အပူဒဏ်ကြောင့် ဦးနှောက်ထိခိုက်နိုင်ခြေကလည်း တော်တော်လေး များပါတယ်။
ခန္ဓာကိုယ် အပူချိန် မြင့်တက်မှုက ဦးနှောက်ကို ထိခိုက်စေပြီး ဦးနှောက်သွေးကြော ပြတ်တာလိုမျိုး ပြင်းထန်ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ရာသီဥတု အရမ်းပူတာက သိမြင်မှုစွမ်းရည်ကို ထိခိုက်စေနိုင်သလို ခြေကုန်လက်ပမ်းကျတာမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။
ဒီတော့ နွေပူပူမှာ ဦးနှောက်ကျန်းမာစေဖို့ဆိုရင်
ရေဓာတ်ပြည့်ဝအောင် နေပါ - နွေရာသီမှာ ချွေးထွက်များတာကြောင့် ကိုယ်တွင်းက ရေဓာတ်တော်တော်များများ ဆုံးရှုံးရပါတယ်။ ဒီလိုရေဓာတ် ဆုံးရှုံးမှုက ဦးနှောက်ကို အပူချိန် မြင့်တက်ပြီး ထိခိုက်စေနိုင်တာကြောင့် ရေကို ရေအရမ်းဆာတဲ့အထိ မနေဘဲ မကြာခဏဆိုသလို သောက်ပေးပါ။ တစ်နေ့တာလုံးကို ရေ ၂ ပုလင်းခွဲကနေ ၃ ပုလင်းလောက် သောက်ပေးပါ။ အပြင်သွားတိုင်းလည်း ရေဗူးလေး ယူသွားပါ။
ကဖင်းပါတဲ့ သောက်စရာတွေ အရက်ပါတဲ့ သောက်စရာတွေ ရှောင်ပါ - ကဖင်းပါတဲ့ သောက်စရာတွေကို အများကြီး သောက်တာ အရက်ပါတဲ့ သောက်စရာတွေကို သောက်တာက ကိုယ်တွင်းက ရေဓာတ်တွေကို ဆုံးရှုံးစေပြီး ဦးနှောက်ကို အပူချိန် မြင့်တက်စေနိုင်ပါတယ်။
အရမ်းပူနေချိန်မှာ အပြင်မထွက်ပါနဲ့ - နွေရာသီမှာ မနက် ၁၁ နာရီ ကနေ ညနေ ၃ နာရီအတွင်းက အပူဆုံး အချိန်တွေလို့ ဆိုရပါမယ်။ ဒီအချိန်တွေမှာ နေရောင်တဲ့ တိုက်ရိုက်ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ပါ။
အေးမြပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေပါ - အေးမြစေမယ့် ပန်ကာဖွင့်တာ၊ ရေခဲတုံးလေးတွေကို ပန်းကန်းထဲ ထည့်ပြီး အနားမှာ ထားတာ၊ ရေအေးဝတ် ကပ်တာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။ ရေချိုးတာကလည်း နည်းလမ်းကောင်းပါ။ နောက်တစ်ခုကတော့ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ နေဖို့ပါ။ ဒီလို အေးမြနေခြင်းက နေရတာ သက်တောင့်သက်သာ ဖြစ်စေသလို ဦးနှောက်ကိုလည်း အပူဒဏ်ခံရမှု လျော့ပါးစေမှာပါ။
နေကာမျက်မှန် တပ်ပါ - အလင်းစူးစူးတွေ အပူချိန် ပြင်းပြင်းတွေက ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးကို ပူပြင်းတဲ့နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာမျိုး မဖြစ်အောင် နေကာမျက်မှန် တပ်တာက နည်းလမ်းကောင်းပါ။ နေရာမျက်မှန်က အပူဒဏ်ကြောင့် မျက်လုံးထိခိုက်တာကို ကာကွယ်ပေးသလို ခေါင်းကိုက်တာကိုလည်း ကာကွယ်ပေးမှာပါ။
အေးအေးလူလူ ဝတ်ဆင်ပါ - အဝတ်အစားတွေကိုလည်း ခန္ဓာကိုယ် အပူချိန်ကို ထိန်းပေးနိုင်မယ့် အေးအေးလူလူလေးတွေ ဝတ်ဆင်ပေးပါ။ အရောင်ဖျော့ဖျော့ ချည်သား ပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပေးတာကလည်း ဦးနှောက်ကိုရော ခန္ဓာကိုယ်ကိုပါ ကျန်းမာစေမယ့် နည်းလမ်းကောင်းပါ။
ပူလွန်းတဲ့နေရာကနေ အေးလွန်းတဲ့နေရာကို ချက်ချင်း ကူးတာမျိုး ရှောင်ပါ - ပူလွန်းတဲ့နေရာကနေ အေးလွန်းတဲ့နေရာကို ချက်ချင်း ဝင်ရောက်တာက ခန္ဓာကိုယ်ရဲ့ အပူချိန် ဟန်ချက်ကို ပျက်စေပြီး ပင်ပန်းနွမ်းလျနိုင်ခြေ ပိုများသလို ခေါင်းကိုက်တာမနဲ့ အခန့်မသင့်ရင် ဦးနှောက်သွေးကြောပြတ်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။
ဆေးမှန်မှန် သောက်ပါ - ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့် ဆေးသောက်နေရတယ်ဆိုရင် ဆေးကို အချိန်မှန်မှန် ဆေးညွှန်းမှန်မှန် သောက်ပေးပါ။ ဒီလို သောက်ပေးတာက ဦးနှောက်ကိုရော ခန္ဓာကိုယ်ကိုပါ ကျန်းမာစေမှာပါ။
နွေပူပူမှာ ဦးနှောက် ကျန်းမာစေဖို့ အခုပြောပြခဲ့တဲ့ အချက်လေးတွေကို သေချာလေး ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့။
မွန်မွန်